ဘဒ္ဒန္တ ဝဏ္ဏိတ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)
ပါမောက္ခချုပ်ဆရာတော်
ဘဒ္ဒန္တ ဝဏ္ဏိတ
ဘဒ္ဒန္တ ဝဏ္ဏိတ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ မုံထူးကျေးရွာ၊ ခမည်းတော် ဦးရွှင် + မယ်တော် ဒေါ်တင်စိန် တို့မှ ၁၃၀၄ ခုနှစ်၊ တပေါင်းလဆုတ်(၄)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသည့် မွေးချင်း(၈)ယောက်တွင် ဒုတိယမြောက် သားရတနာဖြစ်၍ ငယ်နာမည်မှာ မောင်ဝင်းမောင်ဖြစ်သည်။
ဘဒ္ဒန္တ ဝဏ္ဏိတ သည် ဘုတလင်မြို့နယ်၊ မုံထူးကျေးရွာ၊ ရွာဦးကျောင်းတွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ရောက်ခဲ့သည်။ ဘွဲ့တော်မှာ ပဏ္ဏိတ ဖြစ်သည်။ ၁၃၂၄ ခုနှစ်၊ နယုန်လဆုတ် (၁၄)ရက်၊ တနင်္ဂနွေနေ့၊ နံနက်(၈)နာရီ၊ (၁၇)မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ရွှေလွန်ရပ်ကွက်၊ ဦးချို+ဒေါ်စောမြမိသားစုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊(၇)ရပ်ကွက်၊ မုံရွာကျောင်း၊ အာဒိကာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝိလာသကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဘဒ္ဒန္တ ဝဏ္ဏိတ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ မုံထူးကျေးရွာ၊ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသ၊ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော်များ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊တောင်ပေါ်ကျောင်းကျောင်းတိုက်ဆရာတော်များထံတွင် စာပေကျမ်းဂန်များ ဆည်းပူးလေ့လာခဲ့ပြီး သာသနဓဇဓမ္မာစရိယဘွဲ့၊ B.A (English) ဘွဲ့၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့၊ အဂ္ဂ မဟာပဏ္ဍိတဘွဲ့တို့ကို ရရှိခဲ့သည်။
ဘဒ္ဒန္တ ဝဏ္ဏိတ သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မြို့နယ်နှင့် တိုင်းဝိနည်းဓိုရ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ဂဏဝါစက၊ တိပိဋကစာမေးပွဲစာထောက်စာမ၊ ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး တိုင်းဒေသကြီးများ၊ ကျောင်းထိုင်ဘုန်းကြီးကျောင်းသင်တန်းကျောင်း မွမ်းမံဆရာ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန၊ ဌာနမှူး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ( ရန်ကုန် ၊ မန္တလေး ) တို့တွင် ဒုတိယ ပါမောက္ခချုပ်တာဝန်၊ ပါမောက္ခချုပ်တာဝန်များကို ၁-၁၂-၁၉၈၉ ရက်နေ့မှစ၍ ၁-၁၂-၂၀၀၇ ရက်နေ့အထိ ထမ်းဆောင်ခဲ့ပါသည်။
ဘဒ္ဒန္တ ဝဏ္ဏိတ သည် ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ် ၊ ရတနာကန်ကလေးကျောင်းတွင် ပဓာနနာယက ဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။
