သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)
သမိုင်းအကျဉ်းချုပ်
၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)ကို စတင်ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသအား ကျောင်းမြေနေရာနှင့် ခေတ်မီတက္ကသိုလ်ကျောင်းအဆောက်အအုံများ ရရှိရေးအတွက် သာသနာတော်အကျိုးကို ရှေးရှူ၍ ကြိုးပမ်းဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ခဲ့ပါသည်။
၂။ မင်းကွန်းဆရာတော်ကြီး ဦးဆောင်သည့် တိပိဋကနိကာယ သာသနာပြုအဖွဲ့သည် ဆရာတော် ဘုရားကြီး၏ သြဝါဒကို ခံယူကာ တစ်အိမ်ထောင်လျှင် ပြားငါးဆယ်နှုန်းဖြင့် တစ်နိုင်ငံလုံးအလှူခံ၍လည်းကောင်း၊ ပုဂ္ဂလိကအလှူရှင်များ၏ လှူဒါန်းငွေဖြင့် လည်းကောင်း၊ တက္ကသိုလ်တည်ရှိရာ မြေနေရာ၌ အဆောက်အဦများ ဆောက်လုပ်ခြင်းလုပ်ငန်းကို ၁၉၈၂-ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ၁၉၈၆-ခုနှစ်၊ ဩဂုတ် လအထိ အပြီးသတ် ဆောက်လုပ်ခဲ့ပါသည်။ ၂၁-၈-၁၉၈၆ ရက်နေ့တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကိသိုလ် (မန္တလေး) ကို စတင်ဖွင့်လှစ်ခဲ့ပြီး တိပိဋကနိကာယဥပဋ္ဌာကအဖွဲ့ က ၁၉၉၁ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် မင်းကွန်းဆရာတော်ဘုရားကြီးက သာသနာ့တက္ကသိုလ်နှင့် ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံ တို့ကို နိုင်ငံတော်အစိုးရ
သို့ ၁၅-၇-၁၉၉၂ ရက်နေ့၌ လွှဲပြောင်းပေးအပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ တာဝန်ယူခဲ့ပါသည်။
ရည်ရွယ်ချက်
၃။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) တည်ထောင်ဖွင့်လှစ်ခြင်း၏ အဓိကရည်ရွယ်ချက်များမှာ-
- (က) ဂိုဏ်းပေါင်းစုံ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် တစ်ထောင်ကျော်တို့၏ ဆန္ဒနှင့် အညီ ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အထက်တန်းကျကျ ဆောင်ရွက်ရန်။
- (ခ) ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက ချမှတ်ထားသော ဖော်ပြလတ္တံ့ပါ အရည်အချင်းများနှင့် ပြည့်စုံစေရန် -
- (၁) အကျင့်သိက္ခာမြင့်မားစေခြင်း။
- (၂) ပိဋကတ်ကျမ်းဂန်နှံ့စပ်စေခြင်း။
- (၃) ပါဠိဘာသာတတ်မြောက်ကျွမ်းကျင်စေခြင်း။
- (၄) မြန်မာစာပေအရေးအသားတော်စေခြင်း။
- (ဂ) ပြည်တွင်း/ပြည်ပတို့၌ သာသနာပြုစွမ်းနိုင်သော ရဟန်းတော်များ ပေါ်ပေါက်လာစေရန်နှင့် အထူးအားဖြင့် သင်တန်းသားရဟန်းသံဃာများအား ဆင်းရဲချမ်းသာမရွေး၊ ကျေးလက် တောရွာပါမကျန် နေထိုင်သီတင်းသုံး၍ သာသနာပြုနိုင်သည့် စိတ်ဓာတ်မျိုး အလေ့အကျင့်မျိုး ရရှိအောင် ဆောင်ရွက်ပေးရန်။
- (ဃ) လူအများတွေ့ကြုံခံစားနေရသော ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို ဗုဒ္ဓမြတ်စွာဘုရား၏ တရားဒေသနာတော်ဖြင့် သက်သာပျောက်ကင်းချမ်းသာစေရန်။
- (င) သာသနာ့တက္ကသိုလ်သည် ကမ္ဘာ့နိုင်ငံများရှိ ဗုဒ္ဓဘာသာဆိုင်ရာတက္ကသိုလ်များ၏ အဆင့်အတန်းအောက် မနိမ့်ကျစေဘဲ ညီမျှသော အဆင့်အတန်းတွင် ရှိနေစေရန်။
တည်နေရာနှင့်အကျယ်အဝန်း
၄။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ အောာင်မြေသာစံမြို့နယ်၊ ၆၂-လမ်း၊ အတုမရှိကျောင်းတော်ကြီး၏ အရှေ့ဘက် သီပေါမင်း၏ မိဖုရားခေါင်ကြီး စုဖုရားလတ်၏ ကောင်းမှုတော် "မဟာဝိဇယပုည မှန်ကျောင်း" မြေနေရာပေါ်တွင် တည်ရှိပြီး (၂၂)ဧက ကျယ်ဝန်းပါသည်။
