viber_image_2024-08-26_09-54-39-491

ဘဒ္ဒန္တ ဉာဏာလင်္ကာရာဘိဝံသ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)

ဒုတိယပါမောက္ခချုပ်ဆရာတော်(သင်ကြား)

ဘဒ္ဒန္တ ဉာဏာလင်္ကာရာဘိဝံသ

ဘဒ္ဒန္တ ဉာဏာလင်္ကာရာဘိဝံသ သည်  စစ်ကိုင်းတိုင်းဒေသကြီး၊  ဘုတလင်မြို့နယ်၊ ဆည်ဝရွာ၌ အဖ ဦးမင်း + အမိ ဒေါ်သန်းစိန် တို့မှ ၁၃၁၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၄) ရက်၊ အင်္ဂါနေ့တွင် မီးရှူးသန့်စင်ဖွားမြင်သော သားရတနာဖြစ်သည်။

ဘဒ္ဒန္တ ဉာဏာလင်္ကာရာဘိဝံသသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဆည်ဝရွာ၊ ဆည်ဝကျောင်း ဆရာတော်ဘဒ္ဒန္တဇာဂရ မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍  စစ်ကိုင်းတိုင်းဒေသကြီး၊  ဘုတလင်မြို့နယ်၊  ဆည်ဝရွာ ဦးမင်း + ဒေါသန်းစိန် တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။

ဘဒ္ဒန္တ ဉာဏာလင်္ကာရာဘိဝံသသည် ၁၃၃၂ ခုနှစ်၊ တန်ခူးလဆန်း(၁၅)ရက်၊ အင်္ဂါနေ့၊ မွန်းလွဲ(၁)နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဆည်ကုန်းကျောင်းခဏ္ဍသိမ်၌ မန္တလေးတိုင်းဒေသကြီး၊ ငွေတောင်တိုက်၊ သာသနမာမကကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒဝံသ မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာ ဒေါ်စံခ၊ ဒေါ်စံတင့်၊ ဒေါ်စံငွေ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူပြီး မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ဘဒ္ဒန္တ ဉာဏာလင်္ကာရာဘိဝံသ သည်  ဘုတလင်မြို့နယ်၊  ဆည်ဝရွာ၊  ဆည်ဝကျောင်း၊ မန္တလေးမြို့၊ ငွေတောင်တိုက်၊ သာသနမာမကကျောင်း၊ ရန်ကုန်မြို့၊ မဟာဝိသုဒ္ဓါရုံတိုက်၊ မင်းကွန်း၊ မိုးမိတ်ကုန်းမြေ၊ တိပိဋကကျောင်းတိုက်တို့၌ ပညာဆည်းပူးခဲ့ပြီး အစိုးရအငယ်တန်း (ဒုတိယ)၊ အလတ်တန်း၊ အကြီးတန်း၊  ဓမ္မာစရိယတန်း၊ သာသနဓဇသီရိပဝရဓမ္မာစရိယ၊ စေတီယင်္ဂဏစာသင်တန်း၊ စာချတန်း (ပထမ)၊  သကျသီဟစာသင်တန်း  (ပထမ)၊  စာချတန်း၊   နိကာယုဇ္ဇောတက  ဝိနယဓရဓမ္မာစရိယ၊  တိပိဋကဓရ  ရွေးချယ်စာမေးပွဲ၊ ဝိနယဓရ၊ ဝိနယကောဝိဒစာမေးပွဲများကို အောင်မြင်ခဲ့ပြီး သာသနဓဇသီရိပဝရဓမ္မာစရိယ၊ စေတီယင်္ဂဏပရိယတ္တိဓမ္မာစရိယကဓိက၊ ပရိယတ္တိသာသနာ့ဟိတ(သကျသီဟ)ဓမ္မာစရိယ၊ ဝိနယဓရ၊ ဝိနယကောဝိဒနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တို့ကို ရရှိခဲ့သည်။

ဘဒ္ဒန္တ ဉာဏာလင်္ကာရာဘိဝံသ သည်  ၁၃၃၃  ခုနှစ်မှ  ၁၃၃၉  ခုနှစ်ထိ  ရန်ကုန်၊  မဟာဝိသုဒ္ဓါရုံတိုက်၌လည်းကောင်း၊  ၁၃၄၀ ခုနှစ်မှ ၁၃၅၀ ခုနှစ်အထိ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်၌လည်းကောင်း၊ ၁၃၅၁ ခုနှစ်မှစ၍ မန္တလေးမြို့၊ ငွေတောင်တိုက်၊ သာသနမာမကကျောင်း တွင်လည်းကောင်း ပထမပြန် စာမေးပွဲဆိုင်ရာ  ကျမ်းစာများ၊  ဓမ္မာစရိယကျမ်းရင်းစာဝါများကို  သင်ကြားပို့ချပေးခဲ့သည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၌ အဘိဓမ္မပိဋကမဟာဌာန၊ ကထိကတာဝန်၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန၌ ပါမောက္ခ / ဌာနမှူးတာဝန်၊  သုတ္တန္တပိဋကမဟာဌာန၌  ပါမောက္ခ / ဌာနမှူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ယခုအခါ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၌ ဒုတိယပါမောက္ခချုပ်(သင်ကြား)တာဝန်များကို ယနေ့အထိ ထမ်းဆောင်လျက်ရှိပါသည်။