ဘဒ္ဒန္တ ပဒုမသာရ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)
ဒုတိယပါမောက္ခချုပ်ဆရာတော်(စီမံ)
ဘဒ္ဒန္တ ပဒုမသာရ
ဘဒ္ဒန္တ ပဒုမသာရသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကန်သာကြီးရွာ၊ အဖ ဦးစံသိန်း + အမိ ဒေါ်ခင်ကြည်တို့မှ ၁၃၁၇ ခုနှစ်၊ နယုန်လဆန်း (၁၂) ရက်၊ ကြာသပတေးနေ့တွင် မီးရှူးသန့်စင်ဖွားမြင်သော သားရတနာဖြစ်သည်။
ဘဒ္ဒန္တ ပဒုမသာရ သည် အသက် (၁၅) နှစ်အရွယ်တွင် မကွေးမြို့နယ်၊ ကန်သာကြီး ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒ မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ မကွေးမြို့နယ်၊ ကန်သာကြီးရွာ အဖ ဦးစံသိန်း + အမိ ဒေါ်ခင်ကြည်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူလျက် ရှင်သာမဏေအဖြစ်သို့ ရောက်ခဲ့ပါသည်။
ဘဒ္ဒန္တ ပဒုမသာရ သည် ၁၃၃၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည်ကျော် (၁) ရက် သောကြာနေ့၊ နံနက် (၉) နာရီ၊ မိနစ် (၃၀) အချိန်တွင် မကွေးမြို့နယ်၊ ကန်သာကြီးရွာ၊ ရွာဦးကျောင်းခဏ္ဍသိမ်၌ မကွေးမြို့နယ်၊သပြေရင်းကျေးရွာ၊ ရွာဦးကျောင်းဆရာတော်ဘဒ္ဒန္တဣန္ဒက မဟာထေရ်ကိုဥပဇ္ဈာယ်ပြုလျက် မကွေးမြို့နယ်၊ ကန်သာကြီးရွာ ဦးပေါအောင် + ဒေါ်ငါး မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူလျက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ဘဒ္ဒန္တပဒုမသာရသည် မကွေးမြို့၊ မဟာဓမ္မိကာရာမတိုက်၊ မန္တလေးမြို့၊ဒက္ခိဏာရာမဘုရားကြီးတိုက်၊အတုလကာရီဆင်မင်းကျောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)တို့၌ ပညာများဆည်းပူးခဲ့ပြီး အစိုးရပထမငယ်၊ပထမလတ်၊ပထမကြီး၊သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလမဟာဓမ္မာစရိယ ( M.A Buddhism )၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တို့ကို ရရှိခဲ့ပါသည်။
ဘဒ္ဒန္တ ပဒုမသာရ သည် ၁၉၈၄ ခုနှစ်မှစ၍ မကွေးမြို့၊ မဟာဓမ္မိကာရာမတိုက်တွင် စာဝါများကို ပို့ချခဲ့ပါသည်။ ၃၁-၇-၁၉၉၃ ခုနှစ်မှစ၍ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် (မန္တလေး)၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန၌ နည်းပြတာဝန်၊ ၁၈-၁-၁၉၉၆ ခုနှစ်မှစ၍ ကထိကတာဝန်၊ ၈ - ၄ - ၁၉၉၈ ခုနှစ်မှစ၍ ပါမောက္ခ/ဌာနမှူးတာဝန်ကို ထမ်းဆောင်လျက်ရှိပြီး ယခုအခါ ဒုတိယပါမောက္ခချုပ်(စီမံ) တာဝန်ကို တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဆရာတော်ရေးသားပြုစုခဲ့သောကျမ်းမှာ မြတ်ဗုဒ္ဓခွင့်ပြုတော်မူခဲ့သည့် သင်္ကန်းတော်များ (မဟာဓမ္မာစရိယဘွဲ့ယူကျမ်း) ဖြစ်ပါသည်။
