ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)
ပါမောက္ခချုပ်ဆရာတော်
ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ
ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျားတိုင်းကျေးရွာ၌ အဖ ဦးစံရီ+ အမိ ဒေါ်ငွေမြင့်တို့မှ ၁၃၀၄ ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ ကြာသပတေးနေ့တွင် မီးရှူးသန့်စင်ဖွားမြင်သည့် ငယ်အမည် မောင်မြမောင်ဖြစ်သည်။
ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ သည် သက်တော်(၁၃)နှစ်အရွယ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျားတိုင်းကျေးရွာ၊ စက်တော်ရာကျောင်းတိုက်၊ ဆရာတော် ဘဒ္ဒန္တ နန္ဒဝံသကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး ရှင်သာမဏေ အဖြစ်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည်။ သက်တော် (၂၀) အရွယ်၊ ၁၃၂၅ ခုနှစ်၊ ဝါခေါင်လဆုတ် (၁) ရက်၊ နံနက် (၀၉:၁၀) နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အနောက်တောင် မြို့နယ်၊ ရှမ်းဝိုင်း ကျေးရွာ၊ မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်၊ သက်တော်ရှည်ကျောင်းဆရာတော် ဘဒ္ဒန္တ စန္ဒာဘိဝံသ မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ မန္တလေးမြို့၊ ရုံတော်ကြီးရပ်ကွက် ဦးဘဘော် + ဒေါ်သိန်းရင် မိသားစု တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး မြင့်မြတ်သောရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။
ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ သည် ငယ်စဉ်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျားတိုင်းကျေးရွာ၊ စက်တော်ရာ ကျောင်းဆရာတော်ထံတွင် အခြေခံပညာများ ဆည်းပူးခဲ့ပါသည်။ ထို့နောက် ရဟန်းအဖြစ်သို့ ရောက်ပြီးနောက် မန္တလေးမြို့၊ မိုးကောင်းကျောင်း တိုက်၊ မော်လမြိုင်ကျွန်းအုဌ်ကျောင်းဆရာတော် ဘဒ္ဒန္တ အာသဘာဘိဝံသနှင့် စာချဆရာတော်များ၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဝါဆိုကျောင်းဆရာတော်၊ ဘဒ္ဒန္တ အဂ္ဃိယ(အဂ္ဂမဟာပဏ္ဍိတ)နှင့် စာချဆရာတော်များ၊ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော်၊ ဘဒ္ဒန္တ ဇနကာဘိဝံသ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဆရာလောင်းရွေးချယ်ရေး (၆) လပတ် သင်တန်းဆရာများထံတွင် စာပေများ ဆက်လက်ဆည်းပူးခဲ့ပြီး ဗုဒ္ဓသာသနာအဖွဲ့ အဘိဓမ္မာ (ပ၊ ဒု၊ တ) အဆင့်နှင့် ဂုဏ်ထူးသုံးဆင့် အစိုးရ ပထမ ငယ်၊ လတ်၊ ကြီး၊ မန္တလေးသာသနဟိတအသင်းစာမေးပွဲ၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ သာသနဓဇဓမ္မာစရိယ၊ သာသနဓဇသီရိပဝရဓမ္မာစရိယ၊ စေတီယင်္ဂဏအသင်း စာသင်တန်း၊ စာချတန်းများ အောင်မြင်ခဲ့ပြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်တို့ကို ရရှိခဲ့ပါသည်။
ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ သည် အမရပူရမဟာဂန္ဓာရုံကျောင်းတိုက်၌ ဂဏဝါစကဦးစီးအဖွဲ့၊ အနုနာယကကျောင်းဘုန်းကြီး၊ စာချ၊ ဗုဒ္ဓ ဘာသာယဉ်ကျေးမှု သင်တန်းဆရာ၊ နိုင်ငံတော်အစိုးရမှ ပေးအပ်သော ပညာရေးကိစ္စများ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပေးအပ်သော ပညာရေး၊ သာသနာရေး ကိစ္စများ၊ ငါးနိုင်ငံပရိယတ္တိသင်ကြားမှုလေ့လာရေးခရီးအဖွဲ့အဖွဲ့ဝင်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) တွင် သုတ္တန္တပိဋကမဟာဌာန၊ ပါမောက္ခ၊ ဒုတိယပါမောက္ခချုပ်တာဝန်၊ ရန်ကုန်/မန္တလေး ပါမောက္ခချုပ်တာဝန် တို့ကို ၂၃-၄-၁၉၈၆ ရက်နေ့မှစ၍ အဆင့်ဆင့် တာဝန်တိုးမြှင့် ထမ်းဆောင်ခဲ့ပြီး ဗုဒ္ဒသာသနာတော်မြတ် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သာသနာပြုကုသိုလ်ထူး ဆည်းပူးပြုလုပ် အားထုတ်ခဲ့သည်။
