4-Ven-Thusarinda

ဘဒ္ဒန္တ သုစာရိန္ဒ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)

ပါမောက္ခချုပ်ဆရာတော်

ဘဒ္ဒန္တ သုစာရိန္ဒ

ဘဒ္ဒန္တ သုစာရိန္ဒ သည် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကုန်းစဉ်ရွာ၊ ခမည်းတော် ရွာသူကြီး ဦးသူတော်+ မယ်တော် ဒေါ်ပိုး  တို့မှ ၁၃၀၉ ခုနှစ်၊ ဝါဆိုလဆန်း(၁၀)ရက်၊ သောကြာနေ့တွင် ဖွားမြင်သော သားရတနာဖြစ်သည်။

ဘဒ္ဒန္တ သုစာရိန္ဒ သည် ကုန်းစဉ်ရွာ၊ ရာဇိန္ဒာရုံကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒောဘာသကို ဥပဇ္ဈာယ်ပြု၍ ခမည်းတော် ၊ မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။

ဘဒ္ဒန္တ သုစာရိန္ဒ သည် ၁၃၂၉ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မြို့လယ်သာသနာ့ရိပ်သာ၊  ခဏ္ဍသိမ်တော်ကြီး၌   မန္တလေးမြို့ ၊  ချမ်းသာကြီးတိုက် ၊  ရတနာဗိမာန်ကျောင်း  ဆရာတော်  ဘဒ္ဒန္တ နန္ဒမဥ္ဇူ ( အဘိဓဇမဟာရဋ္ဌဂုရု ) ကို ဥပဇ္ဈာယ်ပြု၍  မိုးကုတ်မြို့၊ ရှမ်းစုရပ် ဦးထွန်းရှိန်+ ဒေါ်သိန်းမိတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ဘဒ္ဒန္တ သုစာရိန္ဒ သည်  မကွေးတိုင်းဒေသကြီး ၊  မြိုင်မြို့နယ် ၊  ကုန်းစဉ်ရွာ ၊ ရာဇိန္ဒာရုံကျောင်း ၊ လေးပင်ကျောင်း ၊ ပခုက္ကူမြို့ ၊ မဟာဝိသုတာရာတိုက် ၊ မန္တလေးမြို့ ၊ မိုးကောင်းတိုက် ၊ ဒေးဝန်းကျောင်း ၊ ဝါးတန်းစာချကျောင်း ၊  ဇယဝတီကျောင်းတို့၌ ပညာဆည်းပူးခဲ့ပြီး သာသနဓဇဓမ္မာစရိယဘွဲ့၊ ဝိနယပါဠိပါရဂူဘွဲ့၊ ဒီဃဘာဏကဘွဲ့များကို ရရှိခဲ့သည်။

ဘဒ္ဒန္တ သုစာရိန္ဒ သည် ကလေးမြို့နယ် ၊ ဆည်တော်ဦးရွာကျောင်း ၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ၊ ကံဦးကျောင်းတို့၌  ပရိယတ္တိစာပေများကို  ပို့ချခဲ့ပြီး မန္တလေးမြို့ ၊  ပရိယတ္တိသာသနာ့တက္ကသိုလ်၌  ပါမောက္ခချုပ်တာဝန် ၊ အဘိဓမ္မပိဋက မဟာဌာန ၊ ပါမောက္ခ/ဌာနမှူးတာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။

ဘဒ္ဒန္တ သုစာရိန္ဒသည် ယခုအခါ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပဏ္ဍိတာရာမကျောင်းတိုက်၌ ပဓာနနာယကဆရာတော်အဖြစ် သီတင်းသုံးလျက် သာသနာ့တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။