ဘဒ္ဒန္တ ဉာဏာဘိဝံသ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)
ပါမောက္ခချုပ်ဆရာတော်
ဘဒ္ဒန္တ ဉာဏာဘိဝံသ
ဘဒ္ဒန္တ ဉာဏာဘိဝံသသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်ကောင်းကုန်းရွာတွင် အဖ ဦးဘိုထွန်း+အမိ ဒေါ်ဒေါ်ကောက်တို့မှ ၁၂၈၀ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက် ၊ အင်္ဂါနေ့တွင် မီးရှူးသန့်စင် ဖွားမြင်သော စတုတ္ထမြောက်သားရတနာ ဖြစ် သည်။
ဘဒ္ဒန္တ ဉာဏာဘိဝံသ သည် ဝမ်းတွင်းမြို့နယ် ၊ ဒိုင်ကောင်းကုန်းရွာ ၊ ညောင်ပင်လှကျောင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဘဒ္ဒန္တ ဉာဏာဘိဝံသ သည် ၁၂၉၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၈)ရက်၊ အင်္ဂါနေ့၊ နံနက်(၈)နာရီ အချိန်၌ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ မင်းကျောင်းစာသင်တိုက် ၊ ခဏ္ဍသိမ်၌ မင်းကျောင်းစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ကုသလ ( အဂ္ဂမဟာပဏ္ဍိတ )ကို ဥပဇ္ဈာယ်ပြု၍ ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့၊ လမ်းကောက်ရပ်နေ သိမ်ကျောင်းအစ်မကြီး ဒေါ်ဗုံကို အမှူးထား၍ သား၊သမီးများဖြစ်ကြသော ဗန္ဓုလဆေးလိပ်ခုံပိုင်ရှင် ဦးအုန်း+ ဒေါ်ဖွားရှင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူပြီး မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဘဒ္ဒန္တ ဉာဏာဘိဝံသ သည် မန္တလေးမြို့ ၊ တောင်ပြင်ထီးလင်းတိုက် ၊ မင်္ဂလာစံကျောင်း ၊ ဘုရားစုကျောင်း ၊ နတ်လောင်းကျောင်း ၊ ဝမ်းတွင်းမြို့ ၊ ကံစွယ်ကျောင်း ၊ သဲတောမြို့ ၊ ရွှေဘုံသာတောရကျောင်း ၊ မိုးကောင်းတိုက်၊ ညောင်ရမ်းတိုက်တို့၌ ပညာဆည်းပူးခဲ့ပြီး ပရိယတ္တိသာသနဟိတ(သကျသီဟ)စာသင်တန်း၊ ပရိယတ္တိသာသနဟိတ(သကျသီဟ) ဂဏဝါစကစာချတန်း၊ စေတိယင်္ဂဏပရိယတ္တိစာသင်တန်း၊ စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယဂဏဝါစကစာချတန်း ၊ တိပိဋကစာမေးပွဲ၌ သုတ်သုံးကျမ်း(ဂုဏ်ထူး) စာမေးပွဲများကို အောင်မြင်ခဲ့ပြီး သကျသီဟဓမ္မာစရိယ ၊ စေတီယင်္ဂဏဓမ္မာစရိယ ၊ ဝိသိဋ္ဌဒီဏဘာဏက၊ ဒီဃနိကာယကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တို့ကို ရရှိခဲ့ပါသည်။
ဘဒ္ဒန္တ ဉာဏာဘိဝံသ သည် ဆဋ္ဌသင်္ဂယနာပွဲ၌ (က) ပါဠိဝိသောဓက၊ (ခ) ပဋိဝိသောဓက၊ (ဂ) ဩသာဏသောဓေယျ၊ ဆဋ္ဌသင်္ဂီတကာရက။ မန္တလေးအနောက်တောင်မြို့နယ်၊ ဝိနိစ္ဆယဌာနဝိနည်းဓိုရ်၊သံဃအဖွဲ့အစည်းတွင် သံဃဝန်ဆောင်(၆၆)ပါးအဖွဲ့၊ ဥပဒေရေးဆွဲရေး ကော်မရှင်မှသည် စတုတ္ထအကြိမ် နိုင်ငံတော်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဆရာတော်အဖြစ် အမျိုးမျိုးပြောင်းလဲ၍ ဝိနိစ္ဆယရေး၊ သာသနာရေး ၊ ပညာရေးကိစ္စတို့ကို ဆောင်ရွက်တော်မူလျက် ၁၃၅၀ ပြည့်နှစ်၊ ဝါဆိုလတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၏ ပါမောက္ခချုပ်တာဝန်ကိုလည်း ယာယီ(၁)လ ထမ်းဆောင်ခဲ့ပါသည်။
