ဘဒ္ဒန္တ စန္ဒိမာ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)
ပါမောက္ခချုပ်ဆရာတော်
ဘဒ္ဒန္တ စန္ဒိမာ
ဘဒ္ဒန္တ စန္ဒိမာသည် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ နွားကူးရွာ၌ အဖ ဦးသန်းစိန် + အမိ ဒေါ်လှိုင်တို့မှ ၁၂၈၉ ခုနှစ်၊ ပြာသို လပြည့်ကျော်(၄)ရက်၊ အင်္ဂါနေ့တွင် မီးရှူးသန့်စင်ဖွားမြင်သော သားရတနာဖြစ်ပါသည်။
ဘဒ္ဒန္တ စန္ဒိမာသည် မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့ ၊ သုဇိတာရုံရွှေကျင်တိုက်ဟောင်း ဆရာတော် ဘဒ္ဒန္တ ကုသလ မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ မြင်းခြံမြို့ ၊ အောင်ဇေယျာ ရွှေပန်းတိမ်ပိုင်ရှင် ဦးဘလှိုင် + ဒေါ်သ သမီး မစိန်ဝင်းမေ တို့၏ ပစ္စယာနုဂ္ဂဟ ခံယူ၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဘဒ္ဒန္တ စန္ဒိမာသည် ၁၃၀၉ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သက်ကယ်ခြင်းရွာ ၊ အရှေ့ကျောင်း ခဏ္ဍသိမ်၌ လယ်ဝေးမြို့နယ် ၊ မှန်တောကျောင်းဆရာတော် ဘဒ္ဒန္တ ဩဘာသ မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သက်ကယ်ခြင်းရွာ၊ ဦးစံမြ+ဒေါ်ခင်ညိုမိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဘဒ္ဒန္တ စန္ဒိမာသည် ကောလင်းမြို့ ၊ မန္တလာဝံသကျောင်းသစ်ကျောင်း ၊ မြင်းခြံမြို့ ၊ သုဇိတာရုံရွှေကျင်တိုက်၊ ဇေယျာလင်္ကာရကျောင်းသစ်ကျောင်း၊ တန်ဆောင်းကြီးတိုက်၊ လေးအိမ်တန်းကျောင်း၊ ထနောင်းတိုင်ကျောင်း၊ ဆီမီးခုံမြို့၊ ကျီရွာမြောက်ကျောင်း၊ မြင်းခြံမြို့၊ ငါးထပ်ကြီးတိုက် ၊ ရွှေလင်းယုံကျောင်း ၊ နေပြည်တော် ၊ လယ်ဝေးမြို့နယ် ၊ တောင်ဖီလာကျောင်း ၊ တောင်သာမြို့နယ် ၊ သဘွတ်စုချောင်းကျောင်း၊ မိတ္ထီလာမြို့ ၊ သဒ္ဓမ္မဝံသာရုံကျောင်း ၊ မန္တလေးမြို့ ၊ မဟာဝေယျံဘုံသာတိုက် ၊ မစိုးရိမ်တိုက် ၊ ပရိယတ္တိနယူပဒေသကျောင်း ၊ မာဂဓကျောင်း ၊ ဘုရားကြီးတိုက် ၊ အမရပူရကျောင်း၊ ရန်ကုန်မြို့၊ အလယ်တောရတိုက် တို့၌ ပညာဆည်းပူးခဲ့ပြီး အစိုးရအငယ်တန်း ၊ အလတ်တန်း ၊ အကြီးတန်း (ပထမကျော်) နှင့် ဓမ္မာစရိယ စာမေးပွဲတို့ကို ဖြေဆိုအောင်မြင်ခဲ့ပြီး သာသနဓဇသိရီပဝရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တို့ကို ရရှိခဲ့သည်။
ဘဒ္ဒန္တ စန္ဒိမာသည် မိတ္ထီလာမြို့တွင် ပထမကျော် ဓမ္မာစရိယတိုက်သစ်ကို တည်ထောင်၍ ၁၉၆၃ ခုနှစ်မှ စ၍ ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်းဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူပေါင်း(၁၀၀၀)ကျော်ကို ပညာသင်ပေးခြင်း၊ ဝန်ဇင်းရပ်ကွက်၌ ရေရရှိအောင် ဆောင်ရွက်ပေးခြင်း စသော လောက အကျိုးပြုလုပ်ငန်းများအပြင် ပါဠိတက္ကသိုလ်ဗဟိုအဖွဲ့ဝင် ၊ ပါဠိတက္ကသိုလ်စာမေးပွဲကြီးကြပ်ရေးတာဝန် ၊ ပါဠိတက္ကသိုလ်စာစစ်၊ ပထမပြန်ကြီးကြပ်ရေး၊ ပထမပြန်စာစစ်၊ သံဃအဖွဲ့အစည်းအဆင့်ဆင့်တွင် သံဃသမ္မုတိရ ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပြီး ၁၃၅၀ ပြည့်နှစ်၊ နယုန်လတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်တာဝန်ကို ယာယီ(၁)လ ထမ်းဆောင်ခဲ့သည်။
